အရာရာတိုင်းဟာ ပြောင်းလဲနေခဲ့ပါတယ်။ ခေတ်များ၊ စနစ်များ ၊ အတွေးအယူများ
၊ လုပ် နည်းလုပ်ဟန်များ ၊ နည်းပညာများ ၊ တန်ဖိုးထားမှုများ
အားလုံးပြောင်းလဲနေခဲ့ပါတယ်။ တစ်လောကလုံး ပြောင်းလဲနေချိန်တွင် ကိုယ်ကမပြောင်းလဲလျှင်
ကိုယ်သာကျန်ရစ်ပါမယ်။ ခေတ် ကို မျက်ခြေပြတ်လို့မရ။ ဤမှာ ယနေ့ခေတ်၏အသံ
ဖြစ်ပါတယ်။ လူတိုင်းလက်ခံထားသော သဘောထားလည်းဖြစ်ပါတယ်။ လူတိုင်းပြောလွန်းသဖြင့် ဆီသည်မ
လက်သုတ်လိုဖြစ်နေသော အယူအဆလည်း ဖြစ်နေပါတယ်။ ဟုတ်ပြီ ။ ပြောင်းလဲဖို့လိုပါတယ်။ ဘယ်လိုပြောင်းလဲမှာလဲ
၊ ဘာကြောင့်ပြောင်းလဲမှာလဲ။ ပြောင်းလဲတယ်ဆိုတာ လွယ်ကူသောအရာလား။
အပြောင်းအလဲဆိုတာ
ရိုးရိုးလေးပါပဲ။ အဟောင်းကိုအသစ်နဲ့ အစားထိုးလိုက်တာပဲ မဟုတ်လား။ “မနေ့” ကနေ “မနက်ဖြန်”
ဆီ ထွက်လာတာပဲမဟုတ်လား။ ပြောရတာ သိပ်လွယ် ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ သိပ်ခက်တဲ့အလုပ်ပါ။
ဘာကြောင့်ဆို လူအများက ပါးစပ်ကသာ ပြောင်းလဲမှုကို လိုလားကြတာပါ။
လက်တွေ့မှာ လုပ်နေကျ ၊ ရင်းနှီးနေတဲ့အရာတွေကို စွန့်ရမှာ တွန့်ဆုတ်ကြတာပါပဲ။ မရင်းနှီးသေးတဲ့၊
အကျွမ်းမဝင်သေးတဲ့ အရာတွေကို သံသယဝင်ကြတာ ပါပဲ။
“ကျွန်တော်တို့က
ဘာကြောင့် အလကားနေပြောင်းလဲနေရမှာလဲ၊ လက်ရှိပုံစံတွေကရော ဘာပြဿနာရှိလို့လဲ။”
ဒီလို အတိုက်အခံသမားတွေနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါပဲ။ ဒါဟာသဘာဝ ပါပဲ။ ဒီနေရာမှာ အရှည်မတွေးတတ်တဲ့
စီမံခန့်ခွဲသူတွေကတော့ ဒီလို အတိုက်အခံသမားတွေကို ပြဿနာတစ်ခုလိုမြင်ကြပြီး၊
ဘယ်လိုရှင်းထုတ်ပစ်ရမလဲ စဉ်းစားကြပါတယ်။ သူတို့က ဝန်ထမ်း တွေကို သူတို့ပရိုဂရမ်အတိုင်းပဲ
လိုက်လုပ်စေချင်တယ်။ အပြောင်းအလဲကို စောဒကမတက်ပဲ ခိုင်းတဲ့အတိုင်းလုပ်စေချင်တယ်။
ဒါပေမယ့် အဲ့ဒီလိုစောဒကတက်တဲ့
သူတွေကို ရှင်းထုတ်ပစ်လိုက်တာ၊ ဂရုမစိုက် လျစ်လျူ ရှုထားလိုက်တာကရော
မှန်ရဲ့လား စဉ်းစားကြည့်ရအောင်။
အကယ်၍သင်ဟာ
မြွေတွေကို မုန်းတီးသူတစ်ယောက်ဆိုပါစို့။ သင်ဟာ အဲဒီပြဿနာ ကောင်
မြွေတွေကို ရှင်းထုတ်ပစ်ချင်မှာပဲ။ ကဲ တစ်လောကလုံးက မြွေတွေကို သုတ်သင်လိုက်ပြီ ဆိုပါစို့။
သင်က မြွေပြဿနာကို ဖြေရှင်းပြီးပြီမို့ ကျေနပ်မှုရမယ်လို့
ထင်ကောင်းထင်နေပါမယ်။ ဒါပေမယ့် မြွေမရှိတဲ့အတွက် ဖြစ်လာမယ့်ပြဿနာကို
သင် ရင်ဆိုင်ရပါတော့မယ်။ အဲဒါကတော့ ကြွက်တွေ သောင်းကျန်းလာမယ့် ကိစ္စပါပဲ။ ဒီလောက်ဆိုရင်
သင်က ပြဿနာတစ်ခုလို့ မြင်နေတဲ့ မြွေတွေဟာ သင်မမြင်နိုင်တဲ့(ကြွက်) ပြဿနာရဲ့ဖြေရှင်းချက်တစ်ခုဖြစ်နေတာ
သဘောပေါက် လောက်ပါပြီ။
ပြောင်းလဲခြင်းကိစ္စမှာလည်း
ဒီသဘောပါပဲ။ အတိုက်အခံသမားတွေကို ကန်ထုတ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် အတိုက်အခံမရှိတဲ့အတွက်
မလိုအပ်ဘဲ ပြောင်းလဲမှုတွေ လုပ်မိလာနိုင်ပါ တယ်။ ဒါကြောင့်မို့ အတိုက်အခံဆိုတာ လိုအပ်တဲ့အရာတစ်ခုပါပဲ။
“ကိုယ်တို့ကတော့ ပြောင်းလဲမှု ပဲ လိုချင်တယ်။ ဘယ်လိုအတားအဆီးမှ
ဂရုမစိုက်ဘူးကွ” ဆိုတဲ့ မန်နေဂျာဟာ ကိုယ့်ကျင်းကိုယ် စတူး နေတာပါပဲ။
ရှင်သန်ရပ်တည်မှု ဖြစ်စဉ်
ဆိုကြပါစို့၊ ကျားလိုက်မုဆိုးတစ်ယောက်
သူ့လက်ထဲမှာ အမြဲဆောင်ထားတာက ရှည်လျား လေးလံလှတဲ့ လှံတစ်ချောင်း၊ သူ့ကို စေတနာကောင်းနဲ့
ပိုမိုပေါ့ပါးထိရောက်တဲ့ လေးနဲ့မြှားကို လက်ဆောင်ပေးမယ်ဆိုပါတော့။ သူသုံးမှာ မဟုတ်ပါဘူး။
ဘာကြောင့်ဆို သူသုံးနေကျ မဟုတ်လို့ ပါပဲ။ သုံးနေကျ မဟုတ်တဲ့အတွက် သူ သင်ယူရပါမယ်။ အဲဒီ
ကျွမ်းကျင်လာအောင် လေ့ကျင့် သင်ယူနေစဉ်အတွင်းမှာ သူ ကျားတွေကို ဘယ်လိုလုပ်ဖမ်းမလဲ။
ဘယ်လို ရှင်သန်ရပ်တည်မလဲ။
ပြောင်းလဲမှုကို ဆန့်ကျင်တယ်ဆိုတာ
ဒီသဘောပါပဲ။ ဒါဟာ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက်ပါပဲ။
ဒါဟာ ပြဿနာတစ်ခု မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက
အခြေတည်ပြီး လုပ်ကိုင်လာတဲ့ သင့်လုပ်ငန်းက ငွေကြေးအရလည်း အောင်မြင်တယ်၊ ဈေးကွက်သစ်တွေကိုလည်း
ထိုးဖောက်နိုင်တယ်၊ ကမ္ဘာ အနှံ့လည်း ခြေဆန့်နိုင်တယ် ဆိုကြပါစို့။ ဒီအချိန်မှာ တစ်ယောက်ယောက်က
လုပ်ပုံကိုင်ပုံ ပြောင်းလဲဖို့အကြံပေးလာခဲ့ပြီ။ သင်ဘာလုပ်မလဲ။ အတိတ်က အောင်မြင်ခဲ့တဲ့
လုပ်နည်းလုပ်ဟန် တွေကို စွန့်ပြီး၊ မစမ်းသပ်ရသေးတဲ့ နည်းလမ်းတစ်ခုကို ကျင့်သုံးမှာလား။
သင့်ရဲ့ ရှယ်ယာဝင် တွေက ဘာကြောင့်လဲလို့ မေးခွန်းထုတ်လာရင် သင် ဘယ်လိုဖြေမလဲ။
ဒီ့အပြင် ပြောင်းလဲဖို့ဆန့်ကျင်သူတွေက
တစ်ဆင့်တက် မေးလာနိုင်ပါသေးတယ်။ ဒီ ပြောင်းလဲမှုဟာ ကုမ္ပဏီအတွက်
အကောင်းလို့ သက်သေပြနိုင်ပါသလား။ အတိတ်က အောင်မြင်မှုကို မထိန်းသိမ်းနိုင်တာထားပါ။
အတိတ်က ရင်းနှီးမြှုပ်နှံမှုကို မထိန်းသိမ်းနိုင်တာ
ကတော့ အနာဂါတ်ကိုပါ အလေးမထားတာပါပဲ။
ပြောင်းလဲမှုအတွက်
အကြီးမားဆုံး အဟန့်အတားကတော့ အတိတ်က အောင်မြင်မှုပါပဲ။
သူ့ဟာသူ အဆင်ပြေချောမွေ့နေတဲ့ အရာတစ်ခုကို ဘာကြောင့် ပြောင်းမှာလဲဆိုတဲ့ မေးခွန်းဟာ
မေးသင့်တဲ့မေးခွန်းပါပဲ။ ကျိုးကြောင်းညီညွတ်မှုလည်း
ရှိပါတယ်။ ဒါပေမယ့် အဲဒီလို မေးခွန်း ထုတ်တာကို ဒါသက်သက်စောဒက တက်တာပဲ။ ရှေးရိုးစွဲသမားရိုးကျသမားတွေပဲ
ဆိုပြီး ယူဆ မယ်ဆိုရင်တော့ လုံးလုံးမှားပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ ဒါဟာ အတိတ်ကရရှိအောင်မြင်ခဲ့
တာတွေကို လျှော့တွက်တဲ့အပြင် အပြောင်းအလဲမှန်သမျှကို မခွဲခြားဘဲ လက်ခံမယ်ဆိုတဲ့ သဘော
သက်ရောက်နေလို့ပါပဲ။
အပြောင်းအလဲကို ရွေးချယ်ခြင်း
ကျွန်တော်တို့က
ပြောင်းလဲဖို့လိုအပ်တာတော့အမှန်ပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ ပတ်ပတ်လည်က အရာရာတိုင်းဟာ
ပြောင်းလဲနေတယ်။ အဲ့ဒီပြောင်းလဲနေတဲ့ အခြေအနေ တွေဟာ ကျွန်တော်တို့ရဲ့တည်ရှိမှုအနေအထားကို
ပြောင်းလဲစေလို့ပါပဲ။ ယနေ့ ကျွန်တော်တို့ ကြုံ နေရတဲ့ ပြဿနာက ပြောင်း/မပြောင်း
ပြဿနာ မဟုတ်ပါဘူး။ ဘယ်ပြောင်းလဲမှုက ကိုယ့်
အတွက် သင့်လျော်မလဲဆိုတဲ့ ပြဿနာပါပဲ။ ကျွန်တော်တို့ကို
ဟိုဟိုသည်သည် လမ်းညွှန်နေတဲ့ ပြောင်းလဲမှုတွေအများကြီးရှိပါတယ်။
မဂ္ဂဇင်းတွေ ၊ စာစောင်တွေမှာ ကျွန်တော်တို့အတွက် အိုင်ဒီယာအသစ်တွေ
ပါပါတယ်။ အဲဒီအပြောင်းအလဲတွေကို ယုံယုံကြည်ကြည် လိုက်လုပ်ရမယ် ဆိုရင်ပဲ ဆယ်စုနှစ်နဲ့ချီကြာပါမယ်။
အဲဒီအချိန်မှာပဲ နောက်လထုတ် မဂ္ဂဇင်းတွေ ၊ စာအုပ်တွေမှာ
နောက်ထပ်အိုင်ဒီယာအသစ်တွေ ထပ်ပေးပြန်ပါတယ်။ ကဲ ကျွန်တော်တို့ ဘယ်အိုင်ဒီယာကိုယူပြီး
လိုက်ပြောင်းရမှာလဲ။
ဒီနေရာမှာ အတိုက်အခံသမားတွေ
ပြောနေကျ “ငါတို့ ဘာကြောင့် ဒီလိုပြောင်းမှာလဲ” ဆိုတဲ့မေးခွန်းဟာ လမ်းညွှန်မြေပုံတစ်ခုလို
အသုံးဝင်လာပါတယ်။ များပြားလှတဲ့ ပြောင်းလဲရေး အိုင်ဒီယာတွေကြားမှာ ဒီမေးခွန်းဟာ စတီယာရင်တစ်ခုလို
ကိုယ်နဲ့သင့်လျော်တဲ့ပြောင်းလဲမှုဆီ ဦးတည်စေပါတယ်။ နောက်တစ်မျိုးပြောရရင်တော့
ဒါဟာအပြောင်းအလဲတွေကို ရွေးချယ်စစ်ယူ တဲ့ ဂိတ်ပေါက်လို၊ စကာတစ်ခုလို အသုံးဝင်ပါတယ်။
ဒီတော့ကာ ကျွန်တော်တို့ဟာ
တချို့အပြောင်းအလဲတွေကို ရွေးချယ်ပြီး တချို့အပြောင်း အလဲတွေကို ငြင်းပယ်ရပါမယ်။ အဲဒီအတွက်
နည်းဗျူဟာတစ်ခုတော့ ချမှတ်ရပါမယ်။
ပထမဆုံးအနေနဲ့ ရွေးချယ်ရေးအတွက်
အခြေခံစည်းမျဉ်းတွေ လိုပါတယ်။ သုံးနေကျ နည်းတွေကတော့ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို
သုံးသပ်ခြင်း၊ ရင်းနှီးမြှုပ်နှံငွေနဲ့ ပြန်ရငွေကို တွက်ချက်ခြင်း၊ ဆုံးရှုံးနိုင်ခြေများကို
ခန့်မှန်းတွက်ချက်ခြင်း စတဲ့နည်းတွေပါပဲ။ ကျွန်တော်တို့ဆီမှာ ဆုံးဖြတ်ချက်အထောက်အကူပြု
အချက်အလက်တွေ၊ သိပ္ပံနည်းကျ တွက်ချက်မှုတွေ ရှိနေပါပြီ။ ဒါပေမယ့်
ဒီသိပ္ပံနည်းဗျူဟာတွေဟာ ပြောင်းလဲမှုရဲ့ တကယ့်အဓိပ္ပါယ်ကို မေ့နေပါတယ်။
ပြောင်းလဲမှုဆိုတာ အဟောင်းကိုအသစ်နဲ့ အစားထိုးတာပါ။ ဒါကြောင့်မို့ အစားထိုးမယ့်အရာနဲ့
အခြားသောဖြစ်နိုင်ခြေနည်းလမ်းတွေအားလုံးကို နှိုင်းယှဉ်သုံးသပ်ရပါမယ်။ ဒီနေရာမှာ မေးခွန်း
လေးခု ပေါ်လာပါတယ်။
(၁) အဟောင်းနဲ့ မလုံလောက်တော့ဘူးလား၊ ဘာကြောင့်မလုံလောက်တာလဲ?
ဒီမေးခွန်းကို ဖြေဆိုခြင်းအားဖြင့် ချို့ယွင်းအားနည်းချက်တွေ၊
ဖမ်းဆုပ်ရမယ့်အခွင့်အရေးတွေကို မြင်လာပြီး ဘယ်လိုအပြောင်းအလဲကို ရွေးချယ်ရမယ်ဆိုတာ
ပေါ်လာပါလိမ့်မယ်။
(၂) အသွင်ပြောင်းလဲဖို့အတွက် ဘယ်လောက်ကုန်ကျနိုင်သလဲ၊ ဘာတွေပေးဆပ်ရမလဲ?
ဒီနေရာမှာ ထပ်ဖြည့်ဆည်းဝယ်ယူရမယ့် ကုန်ကျစရိတ်အပြင် ဖျက်သိမ်းရမယ့်
စရိတ်လည်း ပါတယ်။ ကျွမ်းကျင်မှုအတွက် သင်တန်းပေးရမယ့်စရိတ်တွေ
ပါပါတယ်။ ယာယီအားဖြင့် ကိုယ့် ကိုယ်ကို ယုံကြည်မှုလျော့ပါးတာ
တွေ့ကြုံကြရပါမယ်။ ရာထူးနေရာအသစ်တွေအတွက် ကုန်ကျပါ ဦးမယ်။ ထွက်သွားတဲ့ဝန်ထမ်းတွေအတွက်လည်း
ကုန်ကျပါမယ်။ ဒီ့အပြင် “တစ်ချိန်က ရွှေထီး ဆောင်းခဲ့တာ”ဆိုတဲ့ စိတ်ဓါတ်ရေးရာကို ဖျက်ဆီးပစ်လိုက်သလိုလဲ
ဖြစ်ပါမယ်။
(၃)အသွင်ပြောင်းကာလ ကုန်ကျစရိတ်တွေနဲ့ အဆိုပြုထားတဲ့အကျိုးအမြတ်တွေ
ကာမိပါရဲ့လား?
(၄)ပြောင်းလဲမှုတွေဟာ ကုမ္ပဏီရဲ့လက်ရှိအမြူတေတန်ဖိုးထားမှုတွေကို
အားဖြည့်ထောက်ပံ့ပေး နိုင်ပါသလား?
ပြောင်းလဲမှုဆိုတာ
လေဟာနယ်ထဲမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အခိုင်အမာ တည်ရှိပြီး သား အခြေအနေတစ်ခုမှာ ဖြစ်နေတာပါ။
သင်က အထက်ပါမေးခွန်းတွေနဲ့
ပြောင်းလဲမှုတစ်ခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ သင်ဟာ အဲဒီပြောင်းလဲမှုကို တစ်ခုတည်းသော
မှန်ကန်သည့် ပြောင်းလဲမှုအနေနှင့် ယုံမှတ်ထားရပါမယ်။ ဒီလိုရွေးချယ်ရာမှာ တစ်ယောက်တည်း ဆုံးဖြတ်မယ်ဆိုရင်တော့
အခြားသူတွေရဲ့ ဆန့်ကျင်မှုကို ကြုံရမှာ မလွဲမသွေပါပဲ။ အဲဒီအတားအဆီးတွေ ကျော်လွှားဖို့ သင့်မှာ
ပြင်းထန်တဲ့ဆန္ဒရှိရပါမယ်။ ဒါပေမယ့် ဒါဟာ သင့်အတ္တကို ကာကွယ်တာမျိုး မဖြစ်သင့်ပါဘူး။
သင့်ရဲ့ အရင်းအနှီးကို မပျောက် ပျက်အောင် ထိန်းသိမ်းတာမျိုးပဲ ဖြစ်သင့်ပါတယ်။
ဒီနေရာမှာ ပိုမိုညင်သာတဲ့
ပြောင်းလဲမှုနည်းလမ်းတွေ ရှိပါတယ်။ ပြောင်းလဲမှုနဲ့ တိုက်ရိုက်
သက်ဆိုင်တဲ့ ကာယကံရှင်တွေရဲ့အကြံဥာဏ်တွေပါပဲ။ သဘောထားအမြင်တွေကို တောင်းဆိုပြီး ပြောင်းလဲမှုတွေမှာ
သူတို့ကို ပါဝင်စေတာပါပဲ။ ဒါမှသာ ပြောင်းလဲမှုဟာ သူတို့ကိုနောက်က
တွန်း နေတဲ့အရာတစ်ခုလို့မယူဆပဲ ၊ သူတို့စိတ်ပါလက်ပါပြောင်းလဲထားတဲ့အရာတစ်ခုလို့ ယူဆကြပါ
လိမ့်မယ်။
ဆင်ခြင်တုံကျခြင်းနှင့်
မကျခြင်း
ပြောင်းလဲမှုကို ဆန့်ကျင်ရာမှာလည်း
နှစ်မျိုးရှိပါတယ်။ တစ်ချို့က အကျိုးအကြောင်း သင့် ရင် လက်ခံပါတယ်။ ပြောင်းလဲဖို့ ဝန်မလေးပါဘူး။
တစ်ချို့ကတော့ အကြောင်းမဲ့ဆန့်ကျင်နေကြ တာပါ။
အကျိုးအကြောင်းသင့်
ဆန့်ကျင်သူရဲ့အဓိက အကြောင်းကတော့ ဒီပြောင်းလဲမှုမှာ သူတို့
မပါဝင်သလို ခံစားရလို့ပါပဲ။ ဒါကြောင့် ပြောင်းလဲမှုရဲ့အခြေခံစည်းမျဉ်းအနေနဲ့
လူတွေကို ပါဝင် ရွေးချယ်စေသင့်ပါတယ်။
ဒုတိယအကြောင်းရင်းကတော့
အသစ်ကိုသင်ယူရမှာ ကြောက်လို့ပါပဲ။ လူတို့ဟာ မမြင် နိုင်တဲ့အနာဂါတ်နဲ့ လိုက်လျောညီထွေ
လိုက်နိုင်ပါ့မလားဆိုတဲ့ ပူပန်မှုတွေလည်းရှိပါတယ်။ ဒီ ပြဿနာတွေကို
ကျော်လွှားမယ့်နည်းလည်းရှိပါတယ်။ သင်ယူမှုကာလအတွင်း ကနဦးမှားယွင်းမှု တွေအတွက်
ကိစ္စမရှိပါဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးရပါတယ်။ မှားယွင်းမှုဟာ ကြိုးစားမှု ရဲ့ပြယုဂ်ဖြစ်လို့
ဂုဏ်ယူပါတယ်ဆိုတာမျိုး ဖြစ်ရပါမယ်။
အကြောင်းမရှိဘဲ
ပြောင်းလဲမှုကို ဆန့်ကျင်နေသူတွေကိုတော့ အဖွဲ့အစည်းရဲ့စရိုက် လက္ခဏာတွေနဲ့ လျော်ညီစွာ
ကိုင်တွယ်ရပါလိမ့်မယ်။
ဒီတော့ကာ ပြောင်းလဲမှုကို ဆန့်ကျင်တာဟာ
ပုံမှန်ပါပဲ၊ သဘာဝပါပဲ။ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒီလိုဆန့်ကျင်တာဟာ
ပြောင်းလဲမှုရဲ့အကြောင်းရင်းကို တောင်းဆိုနေပါတယ်။ ပြောင်းလဲမှုအတွက်
အကြောင်းခိုင်လုံပါသလား။ ဖွင့်ပြောလိုက်ပါ။ ခိုင်လုံတဲ့အကြောင်း မရှိရင် တော့ ရှောင်လိုက်ပါ။
အတိုက်အခံတွေကို ဖယ်ရှားပစ်မယ့်အစား နားထောင်ပါ။ သင်ယူပါ။ ဦးဆောင်ပါလို့ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။
နီမို
Ref: Resistance to Change:
A new view of an old problem.
By Peter de Jager.
စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ်(၂) ၊ သြဂုတ်
၊ ၂၀၀၄။
No comments:
Post a Comment