ကိုရူပ၊
ဦးစိတ္တ ဆွေးနွေးခန်း
အူမလည်းတောင့် သီလလည်းစောင့်
ကိုရူပ။ ။ ဒီတစ်ခါ ဦးစိတ္တ မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးနဲ့ မှိုရတဲ့မျက်နှာကျနေတာပဲ၊
ဘာတွေများ ပွပေါက်တိုးလာလို့လဲ၊
နဲနဲမျှပါဦး။
ဦးစိတ္တ။ ။ ကျွန်တော့်ကိုများ အထင်တွေကြီးလို့ဗျာ၊ ပွပေါက်တိုးလဲ ကျွန်တော့်လို အကြောက်ကြီးပုံနဲ့ ဘယ်တော့မှ ကြီးပွားမယ့်သူမဟုတ်ပါဘူးဗျာ၊
သတင်းကောင်းလေး တစ်ပုဒ်ဖတ်ရလို့ပါ။
ကိုရူပ။ ။ ဘာများလဲဗျ၊ တော်ရုံသတင်းတော့ ဟုတ်မယ်မထင်ဘူး။
ဦးစိတ္တ။ ။ ဟုတ်ပဗျာ၊ တော်ရုံသတင်းမဟုတ်ဘူး၊
ကမ္ဘာပေါ်က ဆင်းရဲမွဲတေလှတဲ့ ဖွတ်ကြောပြာစုတွေအတွက်
သတင်းကောင်းပေါ့ဗျာ၊ ဆင်းရဲသားအများစုကို ဒီဘဝကလွတ်ကျွတ်အောင် ဇီဝိန်ချွေပေးနေတဲ့ ကူးစက်ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို ဆေးကုမ္ပဏီကြီးတွေက ဈေးချပြီး ရောင်းပေးတော့မယ်တယ့်ဗျ။
ဒီ့ထက်ကောင်းတဲ့သတင်း
ရှိဦးမလား။
ကိုရူပ။ ။ အဲဒီတော့ ဒီကုမ္ပဏီတွေက အမြတ်မယူတော့ဘူးလား၊ အရှုံးခံရောင်းပေးမှာလား၊
အမြတ်မရှိတော့ရင် ဒီကုမ္ပဏီတွေ ဘယ်လိုသွားရပ်တည်မလဲ၊
ဒါတော်တော်ထူးဆန်းတဲ့
သတင်းပဲ၊ နားရှိလို့သာ ကြားနေရတာ၊ သိပ်တော့ မယုံချင်ဘူး။
ဦးစိတ္တ။ ။ ကိုရူပကလည်း တွေးပူတတ်ရန်ကော၊ ဘယ်ကုမ္ပဏီကမှ ဒေဝါလီခံရမယ့် အလုပ်မျိုးကို မလုပ်ဖူး စိတ်ချ၊ အခုလည်း သူက ဒီဆေးတွေကို ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ
အမြတ်တင်ရောင်းလို့ ဝမှ ဆင်းရဲသားနိုင်ငံတွေကို
ဈေးချပေးမှာ၊ ဟိုဖက်က အမြတ်နဲ့ ပြန်ခြေတဲ့သဘောပေါ့၊
ကိုရူပ။ ။ ဒါဆို ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ
မဖြစ်တဲ့ရောဂါကြီးတွေဆို
သူတို့ဆေးထုတ်ဖို့ စိတ်မဝင်စားကြတော့ဘူးပေါ့
ဒီလိုလား။
ဦးစိတ္တ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ အမှန်အတိုင်းပြောရယင်တော့
အဲဒီအတိုင်းပဲ၊ ဥပမာပြောရယင် ငှက်ဖျားရောဂါ ကာကွယ်ဆေးထုတ်ဖို့ကို
ဈေးကွက်မရှိလို့ သူတို့စိတ်မပါကြဘူး ဒီရောဂါက တောထဲတောင်ထဲသွားပြီး
အလုပ်လုပ်ကိုင်စားသောက်နေရတဲ့
လုပ်စားကိုင်စားတွေ အဖြစ်များတယ် မဟုတ်လား၊ သူတို့ ကုမ္ပဏီကဆေးကို ဝယ်သောက်နိုင်တဲ့ အတန်းအစားတွေမှ မဟုတ်တာ၊ ဒါပေမယ့်ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး လူသတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ငှက်ဖျားကို ဒီလိုကာကွယ်ဆေးမျိုးနဲ့သာ
ကာကွယ်လို့ရယင် ဘယ်လောက် အသေအပျောက်နှုန်း လျော့ကျသွားနိုင်သလဲ၊
ဒါနဲ့ဝိုင်းပြီး မေတ္တာရပ်ခံကြတာနဲ့ သူတို့ထုတ်နိုင်ဖို့ ကြိုးစားကြတာ အခုနီးစပ်နေပြီလို့တော့
ပြောပါတယ်။
ကိုရူပ။ ။ ဒီကိစ္စမှာ ကြည့်ရင် အမြတ်အစွန်း အဓိကလုပ်ကိုင်နေတဲ့ ဆေးကုမ္ပဏီကြီးတွေရဲ့ လူသားဆန်တဲ့ ဆုံးဖြတ်ချက် အနည်းငယ်ဟာ လူသန်းပေါင်းများစွာရဲ့
အသက်ကို ကယ်တင်နိုင်တာ သွားတွေ့ရတယ်နော်၊ ကျွန်တော်တို့က ပြည်သူ့ကျန်းမာရေး ပြဿနာ တွေဆို အစိုးရကျန်းမာရေးစီမံကိန်းတွေ၊
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေပဲပြေးမြင်တတ်တယ်၊
အမြတ်အစွန်းအဓိကထားတဲ့
ပုဂ္ဂလိက ကဏ္ဍက ကုမ္ပဏီကြီးတွေကို သိပ်ထည့်တွက်လေ့မရှိဘူး၊
သူတို့ရဲ့ အရေးပါမှုကို မေ့နေကြတယ်။
ဦးစိတ္တ။ ။ မေ့ဆို အရင်က ကျွန်တော်တို့ ကြားဖူးတာတွေအရဆို ဆေးထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက
မာဖီးယားဂိုဏ်းကြီးတွေ
ကျနေတာပဲ၊ ဆေးဝါးအသစ်တွေ စမ်းသပ်ဖို့ အသိပညာနည်းပါးတဲ့ ဆင်းရဲသားတွေကို မလိမ့်တပတ်လုပ် အသုံးချပုံတွေ၊ မူပိုင်ကြေးတွေ မတန်တဆယူပြီး ဆေးဈေးနှုန်းတွေကို ထိန်းချုပ်ထားပုံတွေ၊
ပြည်တွင်းဖြန့်ချီရေးသမားတွေကလည်း
ဆေးပြတ်မယ့်သတင်းကို ကြိုရယင် ဈေးတက်အောင် လှောင်ထားပြီး အမြတ်တင်ရောင်းချတတ်ပုံတွေ
စုံနေတာပဲ၊ ကောင်းတာကို မပါသလောက်ပဲ၊ အခုလို သတင်း မျိုးကြားရတော့ အတော့်ကို အံ့သြမိတယ်၊ သူတို့မှာ စိတ်ကောင်းလေးတွေတော့
ရှိရှာသားပဲ၊ ပိုက်ဆံပဲ နင်းရှာနေတဲ့သူတွေ မဟုတ်ပါလားပေါ့။
ကိုရူပ။ ။ သိပ်လည်း ချီးကျူးမစောနဲ့ဦးဗျ၊
နောက်ခံအကြောင်းအရာတွေကိုလဲ
လေ့လာဦး၊ ခေတ်ကြီးကပြောင်းနေပြီ၊
စီးပွါးရေးလုပ်တယ်ဆိုပေမယ့်
အမြတ်အစွန်းတစ်ခုထဲကို
ကြည့်လို့မရတော့ဘူး၊ ကုမ္ပဏီရဲ့ ပုံရိပ်ကလည်း အရေးပါလာခဲ့ပြီ၊ corporate social
responsibility ဆိုတဲ့
စကားက စီးပွါးရေးလောကမှာ အတော်ခေတ်စားလာခဲ့ပြီ၊
စီးပွါးရေးသမားတွေမှာလည်း
လူမှုရေးတာဝန်တွေ ရှိတယ်ဆိုတာကို အတော်လေးကျယ်ကျယ်လောင်လောင်
ပြောလာကြပြီ။
ဦးစိတ္တ။ ။ ဘာလဲဗျ၊ ကိုယ့်စီးပွါးရေးလုပ်ငန်းကြောင့်
ထိခိုက်နစ်နာသွားတဲ့ လူထုကို ကျေနပ်အောင် ပညာရေး၊ ကျန်းမာရေး တတ်နိုင်သလောက် ပြန်ကူညီပေးတဲ့အလုပ်တွေကို
ပြောချင်တာလား။
ကိုရူပ။ ။ တကယ်တော့ အဲဒီလောက် မကဘူးဗျ၊ စီးပွါးရေးသောင်းကျန်းပြီး
လုပ်ချင်ရာလုပ် ပတ်ဝန်းကျင် ဂရုမစိုက်ဘဲ ပြီးမှ လေပြည်ထိုးတဲ့အနေနဲ့ ကျေးလက်ဆေးပေးခန်းလေး
ဖွင့်ပေးတာလောက်ကို ပြောနေတာမဟုတ်ဘူး၊ ခုန ငှက်ဖျားကာကွယ်ဆေးမှာလိုမျိုး
စီးပွါးရေးအကျိုးအမြတ်မရှိပေမယ့်
လူအများအသက်ကိုကယ်ဆယ်ဖို့
ဇွတ်မျက်စိမှိတ်ထုတ်လိုက်တာမျိုးကို
ဆိုလိုတာပါ၊ ကိုယ့်ရဲ့ စီးပွါးရေးရည်မှန်းချက်တွေထဲမှာ
ငွေကြေးအမြတ်အစွန်းအပြင်
ကိုယ့်ဖောက်သည်ရဲ့ လူမှုရေးလိုအပ်ချက်တွေကိုပါ
ထည့်သွင်းစဉ်းစား ပေးတာမျိုးပါ။
ဦးစိတ္တ။ ။ အေးဗျာ၊ သူ့ကုမ္ပဏီ နာမည်ကောင်းစေဖို့ လုပ်တယ်ပဲပြောပြော၊ လူတွေအတွက် ထည့်စဉ်းစားပေးတာကိုပဲ
ကျွန်တော်တို့ ကြိုဆိုရမှာပဲ၊ ကျွန်တော့်မှာ တစ်မနက်လုံး အဲဒီအကြောင်းတွေးပြီး
စိတ်တွေချမ်းသာနေတာဗျ။
ကိုရူပ။ ။ ခင်ဗျားတောင် အဲဒီလောက် စိတ်ချမ်းသာနေရင် ဒီဆုံးဖြတ်ချက်ကိုချခဲ့တဲ့
ကုမ္ပဏီအကြီးအကဲတွေလည်း
ဘယ်လောက်များ ပီတိဖြစ်နေမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်၊
တကယ်တော့ ဒါဟာ ကိုယ်ကျိုးအတွက်လုပ်ရင်း
အများအကျိုးကိုလည်း ဆောင်လို့ရနေ တယ်ဆိုတဲ့ သာဓကတွေပေါ့ဗျာ။ ။
နီမို
၉
ဂျွန် ၂၀၁၁
Ref;
Drug firms cut vaccine prices to the developing world
BBC News; 6 June 2011
True
News Journal
အတွဲ
၃၊ အမှတ်
၄၁
၅
ဇူလိုင်၂၀၁၁
No comments:
Post a Comment